၀န်ကြီးဌာနအကြောင်း

မိတ်ဆက်

  • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် တည်ထောင်ဖွဲ့စည်းခွင့်ရသည့် ဝန်ကြီးဌာနဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးကာလတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအားလုံး​၏ ရဲရင့်သတ္တိရှိမှု စည်းလုံးညီညွတ်မှုများကို ကိုယ်စားပြုနိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ​၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးနိုင်ရန် အတွက်ဤဝန်ကြီးဌာနကို ဖွဲ့စည်းရခြင်းဖြစ်ပါသည်။ စစ်အာဏာသိမ်းကောင်စီ​၏ အမျိုးသမီးများအပေါ် အကြမ်းဖက်ရိုက်နှက်မှုများ၊ အတင်းအဓမ္မပြုကျင့်မှုများ၊ ကလေးသူငယ်များအ​ပေါ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ အပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြသော ကျောင်းသား လူငယ်လူရွယ်များအပေါ် အတင်းအဓမ္မဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ မတရားသော မမှန်ကန်သော ဥပဒေပုဒ်မများတပ်ပြီး ထောင်တွင်းအကျဉ်းချခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိပါသည်။
  • ထို့အတွက်ကြောင့် ဤဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ၊ ကျောင်းသား လူငယ် လူရွယ်များအတွက် လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုရှိအောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားပါမည်ဟု သန္နိဌာန်ပြုပါသည်။
  • ရည်ရွယ်ချက်

    ကျွန်ုပ်တို့ ၀န်ကြီးဌာနအနေဖြင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ကို အပြည့်အဝရရှိရန် ကာကွယ်ဖြည့်ဆည်းသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိကျသောမူ ဝါဒများချမှတ်သွားပြီး ၎င်းတို့၏ လတ်တလောရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်သွားပါမည်။

    မျှော်မှန်းချက်

    မိမိတို့ကိုယ်တိုင်ဦးဆောင်ပါ၀င်တည်ဆောက်ထားသော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် မြန်မာ့ဖက်ဒရယ်နိုင်ငံတော်ကြီးတွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အားလုံးတို့သည် အခွင့်အရေး တန်းတူညီမျှရရှိပြီး အောင်မြင်တိုးတက်သောဘ၀များကို လုံခြုံစွာရရှိပိုင်ဆိုင် နိုင်ရန် မျှော်မှန်းသည်။

    စံနှုန်းတန်ဖိုးများ
    • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများအား လေးစားတန်ဖိုးထားခြင်း
    • လူသားချင်းစာနာထောက်ထားခြင်း
    • ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများကျင့်သုံးခြင်း
    ဦးတည်ချက်များ
    • အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် အခွင့်အရေးအပြည့်အဝ ရရှိနိုင်စေရန်
    • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့်ရှင်သန်ရပ်တည်ရေးတို့အတွက် ထောက်ပံ့ပေးရန်
    • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အစရှိသည့် အခန်းကဏ္ဍများတွင် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကဏ္ဍအသီးသီးတွင် ပါဝင်နိုင်ရန်