ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ဗဟိုပြုလုပ်ငန်းများတွင် အတူတကွ လက်တွဲလုပ်ဆောင်ရန် လူငယ်အဖွဲ့အစည်းများအား ဖိတ်ခေါ်ခြင်း

7th May, 2021

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီကို တော်လှန်အာဏာဖီဆန်နေကြသော လူငယ်ထုနှင့် လူငယ်အဖွဲ့အစည်းအသီးသီးအား ကျွန်ုပ်တို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ဂုဏ်ပြုချီးကျူးအပ်ပါသည်။

အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ တန်းတူညီမျှ၍ လူ့အခွင့်အရေး ဒီမိုကရေစီတန်ဖိုးများကို လေးစားလိုက်နာမည့် ဖက်ဒရယ် နိုင်ငံတော်သစ်တစ်ခု တည်ဆောက်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် ငြင်းပယ်၍မရစကောင်းပါ လူငယ်တို့၏ အတွေးအခေါ်၊ လုပ်ဆောင်ချက်များသည် စစ်အာဏာရှင်ပြုတ်ကျရေးအပြင် ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရေးတို့တွင် များစွာအရေးပါလျက်ရှိသည်။

ကျွန်ုပ်တို့ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များတွင် လူငယ်ရေးရာလုပ်ငန်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ လူငယ်ထု၏ အာဏာရှင်တော်လှန်ရေး အခန်းကဏ္ဍများ၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံတော်တည်ဆောက်ရာတွင် ပါဝင်နိုင်ရေးများ စသည်တို့ကို အာမခံနိုင်ရန်အတွက် ကျွန်တော်တို့ဌာနမှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် မြေပြင်အခြေအနေများနှင့် ကင်းကွာမသွားစေရန် လူငယ်ထု အမှန်တကယ်လိုအပ်သော အခြင်းအရာများပါဝင်စေရန်အတွက် အစိုးရဝန်ကြီးဌာနနှင့် လူငယ်အဖွဲ့အစည်းများသည် အနီးကပ်ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်တိုက်ပွဲဝင်နေကြသောလူငယ်အဖွဲ့အစည်းအားလုံးအား ကျွန်ုပ်တို့ ဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍တိုက်ပွဲဝင်ရန်၊ လုပ်ငန်းစဉ်များကို ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

Download: