Resources

Statements

၂၀၂၁ ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၀န်ကြီးဌာနများဖြစ်ကြသော လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ (Refugees)၊ ပြည်တွင်းစစ်ဘေးရှောင်များ (IDPs) နှင်တကွ ကမ္ဘာအဝှမ်းရှိဒုက္ခသည်များ၏ ကြံ့ကြံ့ခံရပ်တည်ရှင်သန်နိုင်သည့် စွမ်းပကားကို အလေးထား ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါသည်။ နိုင်ငံတကာဒုက္ခသည်များနေ့အား ၂၀၀၁ ခုနှစ်ကထည်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ သတ်မှတ်ကျင်းပလာခဲ့ရာ ယခုနှစ်သည် နှစ် (၂၀) ပြည့်နှစ်လည်းဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့၏ ဆောင်ပုဒ်သည် Together we heal, learn and shine၊ မြန်မာဘာသာဖြင့် “အတူတကွ ကုစားကြ၊ လေ့လာကြ၊ တောက်ပအောင် လုပ်ဆောင်ကြ” ဖြစ်သည်။ ကုလသမဂ္ဂစာရင်းများအရ လက်ရှိကမ္ဘာပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ်မှ စွန့်ခွာ ထွက်လာရသူ (၇၉) သန်းရှိပြီး ၎င်းတို့အနက် (၂၆) သန်းမှာ နိုင်ငံတကာနယ်နမိတ်ကို ကျော်ဖြတ်ပြီး တခြားနိုင်ငံတွင် ခိုလှုံနေကြရသည့် ဒုက္ခသည်များဖြစ်ကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ဒုက္ခသည်အရေအတွက် အများဆုံးစာရင်းတွင်ပါဝင်နေသောနိုင်ငံဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အဆက်ဆက်၏ ဖိနှိပ်အုပ်ချုပ်မှုများကြောင့် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ရိုဟင်ဂျာများအပါအဝင် မြန်မာရှိ တိုင်းရင်းသား ပြည်သူအများအပြားသည် အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဘင်္ဂလား‌ဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသာမက အခြားနိုင်ငံများသို့ပင် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများအပါအ၀င် လက်နက်ကြီးများဖြင့် ပြင်းထန်သည့် မြေပြင် ချေမှုန်းတိုက်ခိုက်မှုများကြောင့် ချင်း၊ ကရင်နီ၊ ကရင်၊ ကချင်၊ ရှမ်း‌၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် တနသာရီတိုင်း ဒေသတို့တွင် ပြည်တွင်းစစ်ဘေးရှောင်များ တိုးပွားလာခဲ့သည်။ UNHCR ၏ အချက်အလက်များအရ အာဏာမသိမ်းခင်ကာလက မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဘေးရှောင်အရေအတွက် စုစုပေါင်း(၁)သန်းခန့် ရှိနေပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် နောက်ထပ် လူပေါင်း (၂) သိန်း တိုးလာကြောင်း သိရှိရသည်။ ထို့ကြောင့် ဇွန်လ (၂၀) ရက်တွင်ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မိမိတို့ဝန်ကြီးဌာနများအနေဖြင့် အောက်ပါ အချက်များကို တောင်းဆိုလိုက်သည်။ (၁) အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှု များ ကျူးလွန်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ (၂) လူသားချင်းစာနာမှုအကူအညီများကို နှောက်ယှက်ဖျက်စီးခြင်းနှင့် အကူအညီပေးနေသည့် လူသားချင်း စာနာမှုအကူအညီပေးနေသည့်သူများကို ဖမ်းဆီးခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ (၃) အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် မိမိနိုင်ငံတွင် လာရောက်ခိုလှုံလာသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် ယာယီလက်ခံထားပြီး အန္တရာယ်ကျရောက်နိုင်သည့်ကာလအတွင်း မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်လည်ပို့ဆောင်ခြင်းမပြုကြရန်၊ (၄) ပြည်တွင်းစစ်ဘေးရှောင်များအတွက် လိုအပ်သော လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီများကို နယ်စပ်ဖြတ်‌‌ကျော်ပြီး ထောက်ပံ့ပေးနေသည့် အတွေ့အကြုံရှိသော အေဂျင်စီများ၊ ဒေသခံအဖွဲ့အစည်းများကို ခွင့်ပြု ပေးရန်၊ (၅) နိုင်ငံတကာအစိုးရများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်လိုအပ်နေသည့် အကူအညီ များဖြစ်သည့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း နှင့် ဆေး၀ါးပစ္စည်းများကို ဒေသခံအဖွဲ့အစည့်း (CBOs, CSOs) များနှင့် လက်တွဲပူးပေါင်း၍ကူညီထောက်ပံ့မှုများပြုလုပ်ရန်၊ (၆) နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း နိုင်ငံတကာရာဇဝတ်များကျူးလွန်နေပြီး ဒုက္ခသည် အရေအတွက်ကို တိုးပွားစေသည့် အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်မှုများကို လက်တွဲလုပ်ဆောင်ရန်၊ မြန်မာနိုင်ငံမှ ဒုက္ခသည်များအပါအဝင် ကမ္ဘာတဝှမ်းလုံးရှိ ဒုက္ခသည်များအတွက် “အတူတကွ ကုစားကြ၊ လေ့လာကြ၊ တောက်ပအောင် လုပ်ဆောင်ကြ” ပါရန် ယနေ့ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ နေ့စွဲ။ ၂၀ ဇွန် ၂၀၂၁။

Published on: 20th Jun, 2021

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ဗဟိုပြုလုပ်ငန်းများတွင် အတူတကွ လက်တွဲလုပ်ဆောင်ရန် လူငယ်အဖွဲ့အစည်းများအား ဖိတ်ခေါ်ခြင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီကို တော်လှန်အာဏာဖီဆန်နေကြသော လူငယ်ထုနှင့် လူငယ်အဖွဲ့အစည်းအသီးသီးအား ကျွန်ုပ်တို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ဂုဏ်ပြုချီးကျူးအပ်ပါသည်။ အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ တန်းတူညီမျှ၍ လူ့အခွင့်အရေး ဒီမိုကရေစီတန်ဖိုးများကို လေးစားလိုက်နာမည့် ဖက်ဒရယ် နိုင်ငံတော်သစ်တစ်ခု တည်ဆောက်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် ငြင်းပယ်၍မရစကောင်းပါ လူငယ်တို့၏ အတွေးအခေါ်၊ လုပ်ဆောင်ချက်များသည် စစ်အာဏာရှင်ပြုတ်ကျရေးအပြင် ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရေးတို့တွင် များစွာအရေးပါလျက်ရှိသည်။ ကျွန်ုပ်တို့ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များတွင် လူငယ်ရေးရာလုပ်ငန်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ လူငယ်ထု၏ အာဏာရှင်တော်လှန်ရေး အခန်းကဏ္ဍများ၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံတော်တည်ဆောက်ရာတွင် ပါဝင်နိုင်ရေးများ စသည်တို့ကို အာမခံနိုင်ရန်အတွက် ကျွန်တော်တို့ဌာနမှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် မြေပြင်အခြေအနေများနှင့် ကင်းကွာမသွားစေရန် လူငယ်ထု အမှန်တကယ်လိုအပ်သော အခြင်းအရာများပါဝင်စေရန်အတွက် အစိုးရဝန်ကြီးဌာနနှင့် လူငယ်အဖွဲ့အစည်းများသည် အနီးကပ်ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်တိုက်ပွဲဝင်နေကြသောလူငယ်အဖွဲ့အစည်းအားလုံးအား ကျွန်ုပ်တို့ ဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍တိုက်ပွဲဝင်ရန်၊ လုပ်ငန်းစဉ်များကို ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

Published on: 7th May, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ်(၂/၂၀၂၁) ၂၀၂၁ ခုနှစ်၊ မေလ (၁၅) ရက်

၁။ ယနေ့နံနက်မှစ၍အကြမ်းဖက်စစ်ကောင်စီ၏ မြေပြင်နှင့်ဝေဟင် တိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့သည် စစ်မြေပြင်ကဲ့သို့ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီအနေဖြင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ ဖမ်းဆီးခံရသည့် ပြည်သူလူထုအား လူသားဒိုင်းအဖြစ်အသုံးပြု၍ ပြင်းထန်စွာ ထိုးစစ်ဆင်နေကြောင်း သိရသည်။ ၂။ မင်းတပ်မြို့ရှိ တိုက်ပွဲများကြားတွင် ပိတ်မိနေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အတွက် အထူးစိုးရိမ်မိပါသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီသည် ဖမ်းဆီးခံအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများ ရှိနေကြောင်းလည်း သက်သေအချက်အလက်များဖြင့် တိုင်ကြားမှုများ ရှိနေပါသည်။ စစ်ကောင်စီ အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာဆီယံ၏ တောင်းဆိုချက်များအပေါ် လိုက်နာရန်၊ မင်းတပ်မြို့ရှိ ပြည်သူလူထုအား ဝေဟင်စစ်ကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် အင်အား အလွန်အကျွံသုံးပြီး တိုက်ခိုက်မှုများကိုရပ်တန့်ရန်၊ ဒေသခံလူထုများအပေါ် ဓားစာခံအဖြစ် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျုးလွန်နေခြင်းတို့ကို ချက်ချင်းရပ်တန့်ရန် ထုတ်ပြန်လိုက်သည်။ ၄။ ဝန်ကြီးဌာနအနေဖြင့် မင်းတပ်မြို့ရှိ ပြည်သူများ တရားမျှတမှုရရှိစေရန်အတွက် နိုင်ငံတကာ စစ်ခုံရုံးများတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်မှုများကို တိုင်ကြားသွားမည် ဖြစ်ပါသည်။ ထို့အပြင် မင်းတပ်မြို့လူထုအတွက် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ အလျင်အမြန် ရရှိနိုင်ရန်လည်း ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

Published on: 15th May, 2021