၀န်ကြီးဌာန အကြောင်း

ရည်ရွယ်ချက်

ကျွန်ုပ်တို့ ၀န်ကြီးဌာနအနေဖြင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ကို အပြည့်အဝရရှိရန် ကာကွယ်ဖြည့်ဆည်းသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိကျသောမူ ဝါဒများချမှတ်သွားပြီး ၎င်းတို့၏ လတ်တလောရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်သွားပါမည်။

မျှော်မှန်းချက်

မိမိတို့ကိုယ်တိုင်ဦးဆောင်ပါ၀င်တည်ဆောက်ထားသော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် မြန်မာ့ဖက်ဒရယ်နိုင်ငံတော်ကြီးတွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အားလုံးတို့သည် အခွင့်အရေး တန်းတူညီမျှရရှိပြီး အောင်မြင်တိုးတက်သောဘ၀များကို လုံခြုံစွာရရှိပိုင်ဆိုင် နိုင်ရန် မျှော်မှန်းသည်။

စံနှုန်းတန်ဖိုးများ

  • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများအား လေးစားတန်ဖိုးထားခြင်း
  • လူသားချင်းစာနာထောက်ထားခြင်း
  • ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများကျင့်သုံးခြင်း

ဦးတည်ချက်များ

  • အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် အခွင့်အရေးအပြည့်အဝ ရရှိနိုင်စေရန်
  • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့်ရှင်သန်ရပ်တည်ရေးတို့အတွက် ထောက်ပံ့ပေးရန်
  • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အစရှိသည့် အခန်းကဏ္ဍများတွင် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကဏ္ဍအသီးသီးတွင် ပါဝင်နိုင်ရန်

ဌာနဆိုင်ရာများ

Latest Updates

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာ ပြည်ထောင်စု၀န်ကြီး နော်ဆူစန်နာလှလှစိုး 73 ကြိမ်မြောက် ကရင်အမျိုးသားနေ့တွင် ပြောကြားသည့် အမှာစကား
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာ ပြည်ထောင်စု၀န်ကြီး နော်ဆူစန်နာလှလှစိုး 73 ကြိမ်မြောက် ကရင်အမျိုးသားနေ့တွင် ပြောကြားသည့် အမှာစကား

ဒီနေ့ ကျွန်မတိုင်းရင်းသား ညီအစ်ကို၊ ညီအမတွေနဲ့ အတူ ထောက်ခံ့အားပေးဖို့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီလိုမျိုး ဆန္ဒပြနေတာဟာ စစ်အာဏာရှင် ကျဆုံးဖို့အတွက်ဖြစ်ပါတယ်။ ကျွန်မဟာ ၂၀၁၅ ခုနှစ် မှ ၂၀၂၀ ခုနှစ် အတွင်း အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျွန်မတို့ဘာမှ လုပ်ခွင့်မရခဲ့ပါဘူး။ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ မှေးမှိန်ပျောက်ကွယ်ခဲ့ရတာ ကျွန်မကိုယ်တွေ့ ဖြစ်ပါတယ်။ အဲ့တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေးကိုလည်း ရဲရဲဝံ့ဝံ့ ထောက်ခံပါတယ်လို့ ပြောလိုပါတယ်။ ဒီနေ့ဟာ ကရင် အမျိုးသားနေ့ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ (၇၃) နှစ်က ကျွန်မတို့ ဘိုးဘွားမိဘတွေရဲ့ တောင်းဆိုချက်တွေကို ဒီနေ့မှာ ထင်ဟပ်တ်စေရမှာ ဖြစ်ပါတယ်။ ယနေ့ထိတိုင်အောင် ခေတ်မီနေဆဲပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ဗမာ (၁)ကျပ်၊ ကရင် (၁)ကျပ် ဆိုတာက တိုင်းရင်းသားအားလုံးအတူတူပဲ ဘယ်သူက ဘယ်သူ့အပေါ်မှာမှ ခေါင်းဆောင်မှု မရှိဘူး။ ကျွန်မတို့အားလုံးဟာ ခွင့်တူညီမျှဖြစ်တာကို ကျွန်မတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ လူမျိုးပဋိပက္ခကိုလည်း ဆန့်ကျင်တယ်။ ပြည်တွင်းစစ်ကိုလည်း ဆန့်ကျင်ပါတယ်။ ကျွန်မကတော့ စားပွဲပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့နည်းလမ်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ထင်ပါတယ်။ အချိန်မနှောင်းသေးပါဘူး။ စေ့စပ်ညှိနှိုင်းကြဖို့ တောင်းဆိုပါရစေ။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးသည် စစ်ဘေးရှောင်စခန်းများရှိ စစ်ဒဏ်သင့် ကလေးသူငယ်များနှင့်တွေ့ဆုံ ရင်းနှီးစွာ စကားပြောခဲ့
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးသည် စစ်ဘေးရှောင်စခန်းများရှိ စစ်ဒဏ်သင့် ကလေးသူငယ်များနှင့်တွေ့ဆုံ ရင်းနှီးစွာ စကားပြောခဲ့

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးသည် စစ်ဘေးသင့် ကလေးငယ်များကို စိတ်ဒါဏ်ရာ သက်သာစေရေးအတွက် ပန်းချီဆွဲခြင်း၊ ကလေးများကို ပန်းချီသင်ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကလေးငယ်များ၏ အိပ်မက်များမှာ အင်မတန်လှပပါသည်။ ကလေးငယ်များရ၏ အနာဂါတ်ဘဝလေးများ သာယာလှပစေရမည်ဟု ကတိပြုခဲ့ပါသည်။ ထို့အပြင်ဝန်ကြီး နော်စူစင်နာလှလှစိုး သည် စစ်ဘေးဒုက္ခသည်များနှင့်တွေ့ဆုံပြီး လူငယ်များနှင့်ရင်းရင်းနှီးနှီးစကားပြောခဲ့ပါသည်။ စစ်ဘေးသင့်လူငယ်များ၏ အိပ်မက်များမှာ အမျိုးသမီးအဖွဲ့အစည်းများ၏ ခေါင်းဆောင်ဖြစ်ရန်၊ မိမိရပ်ရွာကိုဦးဆောင်ရန်၊ အဆင့်မြင့်ပညာများကိုသင်ကြားရန်စသည်တို့ဖြစ်ပါသည်။ ယင်းလူငယ် များ၏ အနာဂါတ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါသည်။

လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာ ဒုတိယ၀န်ကြီး အိသဉ္ဇာမောင် မှ ဧပြီ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ASEAN SUMMIT အပေါ် မြန်မာလူငယ်တွေ မည်သို့ သဘောထားရှိကြောင်း တင်ပြ  ပြောကြား
လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာ ဒုတိယ၀န်ကြီး အိသဉ္ဇာမောင် မှ ဧပြီ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ASEAN SUMMIT အပေါ် မြန်မာလူငယ်တွေ မည်သို့ သဘောထားရှိကြောင်း တင်ပြ ပြောကြား

မင်္ဂလာပါ။ ကျွန်မက အိသဉ္ဇာမောင်ပါ။ ကျွန်မက မြန်မာလူထုထောက်ခံတဲ့ NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒုတိယဝန်ကြီးဖြစ်ပါတယ်။ အသက် ၁၆ နှစ် သမီးကတည်းက လူနည်းစု လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့သူတစ်ဦးဖြစ်တဲ့အပြင် စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုအပြီးမှာ ရန်ကုန်မြို့ သပိတ်ကို လူငယ်တွေ၊ အလုပ်သမားတွေနဲ့ စတင်ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့အလျောက် မြန်မာလူငယ်တွေရဲ့ အသံကိုလည်း ကိုယ်စားပြုကြောင်းပြောပါရစေ။ ဒီနေ့ကတော့ လာမယ့် ဧပြီ၊ ၂၄ ရက်မှာ ကျင်းပပြုလုပ်သွားမယ့် ASEAN SUMMIT ကို မြန်မာလူငယ်တွေ မည်သို့သဘောထားရှိကြောင်းကို တင်ပြပါရစေ။ ကျွန်မပြတ်ပြတ်သားသား ပြောပါမယ် အာဆီယံက တက်ကြွလှုပ်ရှားသူလူငယ်တွေဟာ ကျွန်မတို့မြန်မာလူငယ်တွေနဲ့ Milk Tea Alliance လို မီဒီယာ ပလက်ဖောင်းတွေနဲ့ Civil Society organizations တွေက အတူရပ်တည်နေပေမယ့် အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာလူငယ်တွေနဲ့ အတူရပ်တည်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့ပါတယ်။ လူထုကို အလေးပေးတဲ့ ခေါင်းဆောင်တွေများ ဟုတ်ရဲ့လားလို့ သံသယဝင်စရာပါပဲ။ စစ်ကောင်စီရဲ့ လူမဆန်စွာ သတ်ဖြတ်မှု၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပြင် အပြစ်မဲ့ ပြည်သူနဲ့ ကလေးသူငယ်တွေကို ညှင်းဆဲသတ်ဖြတ်မှု၊ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်ချမှု အစရှိတဲ့ ပြစ်မှုတွေကို အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တွေဟာ ခုထိ မျက်ကွယ်ပြုထားဆဲဖြစ်ပါတယ်။ စစ်ခေါင်းဆောင် အကြမ်းဖက်တွေကို တစ်ယောက်ချင်းစီရော၊ စီးပွားရေးတွေကိုပါ Targeted Sactions လုပ်ဖို့ရာလည်း ပျက်ကွက်ခဲ့ပြီး Global Arms Embargo ကိုလည်း နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ အစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရမှာလည်း မြန်မာလူမျိုးတို့ရဲ့ လိုအင်ဆန္ဒကို ကိုယ်စားပြုဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် ယခုတစ်ခေါက် စစ်ကောင်စီကို မြန်မာလူမျိုးများ အကြမ်းဖက် ခေါင်းဆောင်လို့ အသိအမှတ်ပြုထားတဲ့ကြားက အာဆီယံအစည်းအဝေးကို ဖိတ်ကြားပြီး မြန်မာ့အရေး ဆွေးနွေးမယ့် ဆွေးနွေးပွဲကြီးကနေ မြန်မာလူမျိုးများအတွက် လက်တွေ့ကျတဲ့ ထိရောက်အဓိပ္ပါယ်ရှိတဲ့ ရလဒ်မျိုးတွေထွက်လာပါ့မလားလို့ သံသယဝင်မိပါတယ်။ သို့သော် အာဆီယံခေါင်းဆောင်များကို နွေဦးတော်လှန်ရေးမှာ အသက်ပေးပြီး တိုက်ပွဲဝင်နေတဲ့ မြန်မာလူငယ်များအနေနဲ့ လူငယ်တွေရဲ့ တောင်းဆိုမှုကို တင်ပြပါရစေ။ အာဆီယံခေါင်းဆောင်များ အနေနဲ့ မတူညီတဲ့စိတ်ဝင်စားမှုတွေနဲ့ နိုင်ငံရေးတွေကိုမေ့ပြီး လူသားဆန်မှုကို ရှေ့တန်းတင်ပြီး နားထောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။ နံပါတ် ၁။ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာပြည်သူကို ကိုယ်စားပြု၊ ၇၆ ရာခိုင်နှုန်းသော ရွေးကောက်ပွဲအနိုင်ရပါလီမန်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ CDM ပါဝင်သူများနဲ့ အထွေထွေသပိတ်အဖွဲ့များပါဝင်တဲ့ National Unity Government (NUG) ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ NUG အစိုးရကသာ မြန်မာပြည်သူကို အစစ်အမှန်ကိုယ်စားပြုပါတယ်၊ မြန်မာပြည်သူကို ရက်စက်စွာသတ်ဖြတ်ပြီး ကိုယ်ကျိုးအတွက်သာ တိုင်းပြည်အာဏာကို သိမ်းပိုက်ထားတဲ့ စစ်ကောင်စီမဟုတ်ပါဘူး။ နံပါတ် ၂။ NUG အစိုးရကို အာဆီယံ အစည်းအဝေးမှာ တက်ရောက်ဖို့ ဖိတ်ကြားစေလိုပြီး တရားမဝင်စစ်ကောင်စီရဲ့ မြန်မာပြည်ကိုယ်စားပြုမှုကို ငြင်းပယ်စေလိုပါတယ်။ အာဆီယံ အစည်းအဝေးမှာလည်း စစ်ကောင်စီကို မြန်မာကိုယ်စားပြုအနေနဲ့ မသုံးနှုန်းဖို့ သတိမူစေချင်ပါတယ်။ နံပါတ် ၃။ ငြိမ်းချမ်းစွာဆန္ဒပြသူများနဲ့ ပြည်သူများအပေါ် စစ်ကောင်စီက ရက်စက်စွာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုများအတွက် အသံပြုစေလိုပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေ၊ ဆန္ဒပြခေါင်းဆောင်နဲ့ သတင်းထောက်တွေကို လွတ်မြောက်ပေးဖို့ တောင်းဆိုစေချင်ပါတယ်။ နံပါတ် ၄။ မြန်မာပြည်သူများကို သတင်းအမှောင်ချဖို့ကြိုးပမ်းတဲ့ အင်တာနက်ဒေတာနဲ့ ဝိုင်ဖိုင်ဖြတ်တောက်မှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုစေချင်ပါတယ်။ နံပါတ် ၅။ စစ်ကောင်စီရဲ့ တိုင်းရင်းသားဒေသများအပေါ် စာသင်ခန်းများပါမကျန် ဝေဟင်ထိုးစစ်ဆင်မှုကြောင့် ကရင်၊ ကချင် ဒေသတွေမှာ ဘေးလွတ်ရာပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၀,၀၀၀ ကျော်အတွက် အထူးသဖြင့် ကရင်ဒုက္ခသည်များအတွက် နယ်စပ်ကန့်သတ်မှုတွေ မပြုလုပ်ဘဲ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးစေလိုပါတယ်။ နံပါတ် ၆။ အာဆီယံ ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များကို UN Security Council ၊ UN Human Rights Council နဲ့ International Criminal Court (ICC) နဲ့ မြန်မာ့အရေးအတွက် ပူးပေါင်းပြီးထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်ပါတယ်။ နံပါတ် ၇။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေအပေါ် တစ်ဦးချင်းစီ ထိရောက်တဲ့ Sanction ချမှတ်ပြီး Global Arms Embergo ကိုပြုလုပ်ပေးဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်။ ၂၄ရက်နေ့ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ လုပ်ရပ်နဲ့ ရပ်တည်မှုဟာ မြန်မာ့သမိုင်းမှာ တွင်ကျန်နေခဲ့မယ့်အပြင် အဆုံးအဖြတ်တခုလည်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အာဆီယံအနေနဲ့ "ASEAN WAY" ကိုပဲလက်ကိုင်ထားပြီး စစ်ကောင်စီရဲ့မတရား အာဏာသိမ်း၊ ကျူးလွန်မှုတွေကို မသိကျိုးကျွံပြုတဲ့အပြင် မြန်မာနိုင်ငံတော်တော်ငြိမ်းချမ်းရေးအတွက်ဆိုတာကိုပဲ ရည်ညွှန်းမယ်ဆိုရင် အာဆီယံလိုချင်တာ စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ပြီး မြန်မာလူမျိုးတွေကို နှိပ်ကွပ်လို့ ငြိမ်ဝပ်သွားတဲ့ ငြိမ်ဝပ်ပိဝမ်ပိပြားရေးလား မြန်မာလူငယ်တွေ အသက်နဲ့ရင်းပြီး အောင်ပွဲကြောင့်ရရှိလာမယ့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းမှုများလား ဆိုတာကို မြန်မာလူငယ်တွေ ကွက်ကွက်ကွင်းကွင်းသိရှိသွားမယ့်အရေးဖြစ်ပါတယ်။ ဒါကြောင့် ၂၄ရက်နေ့ အာဆီယံ အစည်းအဝေးမှာ မြန်မာလူမျိုး၊ မြန်မာလူငယ်များနဲ့ ပြတ်ပြတ်သားသားရပ်တည်ပေးဖို့ တောင်းဆိုပါရစေ။ လူထုအာဏာဟာ လူထုမှာပဲရှိရပါမယ်။