About Deputy Minister
ကိုယ်ရေးအချက်အလက်
ယခင်လှုပ်ရှားမှု
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ်- အထက်ဗမာနိုင်ငံ ကျောင်းသားများ သမဂ္ဂ – ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဥက္ကဋ္ဌ)
နိုင်ငံရေးလှုပ်ရှားမှု့များ
၂၀၁၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တွင် စတင်ပါဝင်ခဲ့ပြီး ပညာရေးစနစ် ပြောင်းလဲရေး၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး နှင့် ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှားမှုများအတွက် ဦးဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ (ဥက္ကဋ္ဌ) အဖြစ် ဆောင်ရွက်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် ပထမဦးဆုံး အမျိုးသမီးကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှု သမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီး ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုသပိတ်တွင် ပါဝင်ခဲ့သောကြောင့် တရားစွဲခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်၌ ထိန်းသိမ်းခံခဲ့ရသည်။
၂၀၁၆ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၆ ကျောင်းသားထုညီလာခံဖြစ်မြောက်ရေးတွင် ရွေးကောက်ပွဲဆိုင်ရာသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ကျောင်းသားသမဂ္ဂမှထွက်ပြီးနောက် ၂၀၁၈ ခုနှစ်တွင် လူ့ဘောင်သစ်လူငယ်၌ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၌ ဗဟိုကော်မတီဝင်ဖြစ်လာခဲ့သည်။ ၂၀၁၉ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အကြိုညီလာခံ၌ ရွေးကောက်ပွဲဆိုင်ရာကော်မရှင်အဖွဲ့၀င်အဖြစ် တာဝန်ထမ်းဆောင်သည်။
လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌတာဝန်နှင့်အတူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့ပြီး လူငယ်အရေး၊ လူမှုဖူလုံရေး၊ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ဆိုင်ရာ အသိပညာပေးရေးနှင့် ဖိနှိပ်ခံလူမျိုးစုများအရေးတို့အတွက် သင်တန်းပို့ချခြင်းနှင့် ယင်းအရေးများအတွက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ၂၀၂၁ အာဏာသိမ်းခံရမှုတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကွန်ရက်၌ ပါဝင်ကာ မြန်မာ့နွေဦးတော်လှန်ရေးတွင် ရန်ကုန်တိုင်း၏ပထမဆုံးသော လူထုဆန္ဒပြပွဲဦးဆောင်သော သပိတ်ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။ ထို့နောက် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းသောအခါ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။
နိုင်ငံတကာ အမျိုးသမီးများ ရဲစွမ်းသတ္တိရှိမှု (IWOC) ဆုကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် သူမ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွက် United State Department မှ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။