ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး Seminar on Restoration of Democracy, Peace and Freedom in Myanmar တက်ရောက်ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး မှ မြန်မာ့အရေးကြားနာပွဲ Seminar on Restoration of Democracy, Peace and Freedom in Myanmar သို့ တက်ရောက်ဆွေးနွေး
————————————————————————-
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှအာဏာလုယူမှု ၂နှစ်ပြည့်သည့် ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များ သမဂ္ဂမှ ကမကထပြုလုပ်ပြီး ဂျပန်နိုင်ငံလွှတ်တော်အမတ်ရုံးအဆောက်အဦးအတွင်း မြန်မာ့အရေးကြားနာပွဲတရပ်ကို ကျင်းပခဲ့ပါသည် ။
အဆိုပါအခန်းအနားသို့မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များ သမဂ္ဂ ၏ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီးနှင့်ဒါရိုက်တာအဖွဲ့ဝင်များ၊အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊NUG နှင့်ဂျပန်နိုင်ငံဆိုင်ရာဆက်သွယ်ရေးတာဝန်ခံပြည်ထောင်စုဝန်ကြီးနော်စူဇန်နာလှလှစိုးနှင့်NUG နိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦး၊
ဖိတ်ကြားထားသော ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ခံများ၊သံတမန်များ၊ဂျပန်အသိပညာရှင်အတတ်ပညာရှင်များ၊မြန်မာ့အရေးကိုထောက်ခံအားပေးနေသောဂျပန်အဖွဲ့အစည်းအသီးသီးနှင့်၊အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာရုံးအဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများက ကိုယ်တိုင်ကိုယ်ကျသော်လည်း Zoom ဖြင့်သော်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
ထိုကြားနာပွဲအတွင်း မြန်မာ့အရေးကို ဂျပန်အစိုးရအနေဖြင့် တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် ဂျပန်အထက်/အောက်လွှတ်တော်အမတ် ၅၆ ဦးနှင့် မြန်မာ-ဂျပန်လူမျိုးများ​၏ လက်မှတ်ရေးထိုးတောင်းဆိုထားသော တောင်းဆိုလွှာနှင့် ဂျပန်ရောက် မြန်မာလူမျိုးများကို ကိုယ်စားပြုသော သဘောထားထုတ်ပြန်ချက် အသီးသီးကို ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးထံသို့ ပေးအပ်ခဲ့ကြပြီး အသေအချာအကောင်အထည်ဖော်ပေးဖို့ လေးလေးနက်နက် တောင်းဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အာဏာသိမ်းထားသည့် ၂ နှစ်တာကာလ မြန်မာနိုင်ငံ​၏ အခြေအနေများကို ရှင်းလင်းခဲ့ကြပါသည်။
အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ