အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန
နေ့စွဲ – ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်
ထုတ်ပြန်ကြေညာချက်
၁။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် မန္တလေးအိုးဘိုထောင် အမျိုးသမီး အကျဉ်းကျ ဆောင်အတွင်း အကျဉ်းဦးစီးဌာန ဝန်ထမ်းများက အမျိုးသမီးအကျဉ်းသူများ ကိုရိုက်နှက်ခဲ့ကြသည့် အတွက် အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်းသိရသည်။
၂။ အမျိုးသမီး အကျဉ်းဆောင်တံခါးများကိုပိတ်ပြီး အမျိုးသားဝန်ထမ်းများက ဝင်ရောက်ရိုက်နှက် ခဲ့ကြသည့် ဖြစ်စဉ်တွင် ရာဘာတုတ်၊ သစ်သားတုတ်များအပြင် လေးခွများဖြင့်ပါ ဝင်ရောက် ပစ်ခတ်သည့်အတွက် နားရွက်ပြတ်ရှ ဒဏ်ရာ ရရှိသူ ၂ ဦး၊ ဦးခေါင်းကွဲဒဏ်ရာ ရရှိသူ ၆ ဦး၊ လက်ကျိုးဒဏ်ရာ ရရှိသူ ၁ ဦး၊ မျက်လုံးအနီးလေးခွမှန် ဒဏ်ရာ ရရှိသူ ၃ ဦး၊ မျက်လုံးတွင်းဒဏ်ရာ ရရှိသူ ၁ ဦး ရှိခဲ့ကြပါသည်။ အကျဉ်းသူ ၇၀ နီးပါးလည်း လေးခွထိမှန်ခဲ့ကြသည်။
၃။ ထို့အပြင်ဒဏ်ရာရရှိသည့် အမျိုးသမီး အကျဉ်းသူ ၄၂ ဦး ကို သုံးထပ်ဆောင်သို့လည်းကောင်း၊ ၂ ဦး ကို တိုက်ပိတ်၍လည်းကောင်း ၊ ၄၀ ဦး ကို သီးခြားအခန်းခွဲ၍လည်းကောင်း ထောင်တွင်းပြစ်ဒါဏ်များ ထပ်မံချထားခြင်းခံနေရ ဟုသိရသည်။
၄။ အကြမ်းဖက်စစ်အာဏာရှင်အနေဖြင့် အာဏာသိမ်းရန်ကြံစည်ပြီးနောက်ပိုင်း ဥပဒေမဲ့ သတ်ဖြတ် ဖမ်းဆီးခြင်း၊ မတရားပြစ်ဒဏ်ချမှတ်ယုံမျှမက အကျဉ်းထောင်တွင်း အခြေခံရပိုင်ခွင့်ကို လုံလောက်အောင် မပေးဘဲ အမျိုးသမီးအကျဉ်းဆောင်အတွင်း အမျိုးသားများဝင်ရောက်၍ လက်နက်ဖြင့် အကြမ်းဖက် ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများကို လူမဆန်စွာ ပြုကျင့်နေကြသည်။
၅။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် (၅) “မည်သူ့ကိုမျှ ညှင်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု့မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။ အပိုဒ် (၆) လူတိုင်းတွင် ဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်း အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။ အပိုဒ် (၇) လူအားလုံးတို့သည် ဥပဒေအရ တူညီကြသည့်အပြင် ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံစေရဘဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို
လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိသည်” ဟူသော အပိုဒ်တို့ကို ပြောင်ပြောင်တင်းတင်း ကျုးလွန်သည့် ဖြစ်စဉ်ဖြစ်ပါသည်။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန မှ အထက်ပါဖြစ်စဉ်တွင် မန္တလေး အိုးဘိုထောင် အမျိုးသမီး အကျဉ်းသူများအပေါ် လူမဆန်စွာ အကြမ်းဖက်မှုကို ရှုံ့ချပြီး ကျုးလွန်သည့် စစ်အာဏာရှင်လက်အောက် အကျဉ်းဦးစီးဌာနကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာသို့လည်းကောင်း၊ ပြည်တွင်း တရား စီရင်မှုအတွက် တရားရေးဝန်ကြီးဌာသို့လည်းကောင်း ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပါသည်။ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြသည့် အမျိုးသမီး အကျဉ်းသူများ အား လေးစားဂုဏ်ပြုပါသည်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဆက်သွယ်ရန်-