ကရင်နီပြည်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး မှ တွေ့ဆုံအားပေး

ကရင်နီပြည်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်အတွက်  အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး မှ တွေ့ဆုံအားပေး

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်၀န်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီး သည် ကရင်နီပြည်တွင်း အခြေအနေများ၊ အထူးသဖြင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ အပါအ၀င် လူငယ်၊ အမျိုးသမီးနှင့်အရပ်ဖက်အဖွဲ့များ၏ လူမှုရေး၊ အုပ်အုပ်ချုပ်ရေးဆိုင်ရာ ဦးဆောင်နေသူများနှင့် ရင်းနှီးမှုရယူရန်၊ ၎င်းတို့၏ ကြိုးပမ်းချက်များကို လေ့လာသိရှိရန်၊ ကရင်နီပြည်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန်၊ စစ်ရှောင်နေပြည်သူများ၏ အသံများ နားထောင်ရန် နှင့် အားပေးစကားများကို လူတွေ့ပြောကြားနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကရင်နီပြည်ကို ရောက်ရှိခဲ့သည်။  ထို့အပြင် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန ရဲ့ အဓိက ဦးတည်ချက်သုံးခုဖြစ်သော

၁။ အသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် အခွင့်အရေးအပြည့်အဝ ရရှိနိုင်စေရန်၊

၂။ လူငယ်နှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့်ရှင်သန်ရပ်တည်ရေးတို့အတွက် ထောက်ပံ့ ပေးရန် နှင့်

၃။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အစရှိသည့် အခန်းကဏ္ဍများတွင် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကဏ္ဍအသီးသီးတွင် ပါဝင်မှုမြှင့်တင်နိုင်ရန် စသည့်ဦးတည်ချက်များကို ပိုမိုထိထိရောက်ရောက် ဖော်ဆောင်နိုင်ရန် အတွက် လည်းဖြစ်ပါသည်။

အဆိုပါ ခရီးစဉ်တွင် ဒေသအခြေပြု လူငယ်၊ အမျိုးသမီးနှင့်အရပ်ဖက်အဖွဲ့များ၊ တော်လှန်ရေး ရဲဘော်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ စုပေါင်းဦးဆောင်မှုဖြင့် မိမိပြည်နယ် လွတ်မြောက်ရေး၊ ဖွံ့ဖြိုးရေး၊ တည်ဆောက်ရေးအတွက် ဟန်ချက်ညီညီ  အားသွန်ခွန်စိုက်ကြိုးပမ်း နေကြသည်ကို မျက်၀ါးထင်ထင် လေ့လာခွင့်ရခဲ့သည်။

အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် ပြည်နယ်၊ ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပြဌာန်းချက်ကို အပြည့်အ၀အသိအမှတ်ပြုကာ ကရင်နီပြည်၏ ပြည်သူ့ဝန်ဆောင်မူလုပ်ငန်းများ ကို ဒေသခံ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့်  ဖက်ဒရယ်ဒီမိုကရေစီ၏ စံတန်ဖိုးများလက်တွေ့ဖော်ဆောင်နိုင်ရန်  တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိပါသည်။

ဤခရီးစဉ်အား တာဝန်ယူစီစဉ် ဆောင်ရွက်ပေးကြသည့် ကရင်နီပြည်မှ တာ၀န်ရှိသူများအားလုံး ကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်၀န်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ အထူးကျေးဇူးတင်ရှိကြောင်း နှင့် မြေပြင်တွင် မိမိတို့ အသက် ကို မငဲ့ကွက်ပဲ ပြည်သူ့အကျိုး ထမ်းပိုးနေကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ နှင့် ရဲဘော်ရဲဘက်များ အားလုံး ကို လေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။